ရုတ်တရက် နှလုံးမရပ်ခင် ဘယ်လို လက္ခဏာတွေ အရင်ပြတတ်သလဲ
နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။
အမျိုးမျိုးသော နှလုံးကျန်းမာရေးပြဿနာတွေထဲမှာ ရုတ်တရက် နှလုံးရပ်ခြင်းဟာလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရုတ်တရက် နှလုံးရပ်တယ်ဆိုတာက နှလုံးဆီ စီးဆင်းနေတဲ့ သွေးတွေ သိသိသာသာ လျော့နည်း သွားတာ ဒါမှမဟုတ် ပိတ်ဆို့ သွားချိန်မှာ ဖြစ်တတ်ပါတယ်။
ဒီလို ပိတ်ဆို့ရတာကလည်း နှလုံးသွေးကြောတွေထဲမှာ အဆီတွေ၊ ကိုလက်စထရောတွေနဲ့ အခြားသော အရာတွေ အနယ်ထိုင်စုပုံနေတာကြောင့်ပါ။ ဒီလို အဆီအနှစ်တွေ အနယ်ထိုင်စုပုံတာကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားရတာပါ။
အချို့သော အခြေအနေတွေမှာ သွေးကြောတွေထဲက အနယ်တွေက ပိတ်ဆို့သွားပြီး သွေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ နှလုံးက သွေးမရတာကြောင့် ထိခိုက်ပျက်စီးတာမျိုး ဖြစ်နိုင်သလို နှလုံးကြွက်သား တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရုတ်တရက် နှလုံးရပ်တဲ့အခါ မြန်နိုင်သမျှ မြန်မြန် ကုသမှု ခံယူဖို့ လိုပါမယ်။ ရုတ်တရက် နှလုံးရပ်တာကို မခံစားရခင်မှာ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အဓိကအားဖြင့်တော့
- ရင်ဘတ်အောင့်တာ - ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်ကြီး အောင့်နေတာပါ။ တစ်ခုခုနဲ့ ဖိညှစ်ထားသလို အောင့်နိုင်ပါတယ်။
- ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ နာကျင်မှုကို ခံစားရနိုင်တယ် - ရင်ဘတ်ထဲမှာ အောင့်နေတာကို ခံစားရနိုင်သလို ရင်ဘတ်ကနေမှ လက်မောင်း အထူးသဖြင့် ဘယ်ဘက်လက်မောင်း၊ လက်မောင်း နှစ်ဖက်စလုံး နာကျင်နိုင်ပါတယ်။ မေးရိုးတလျှောက်၊ လည်ပင်း၊ နောက်ကျော နဲ့ ဝမ်းဗိုက်ပိုင်းမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင်
- ခေါင်းထဲမှာ ပေါ့ပေါ့ကြီး မူးနေမယ်။ မူးနောက်နောက် ဖြစ်မယ်
- ချွေးစေးတွေ ပြန်မယ်
- အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
- မအီမသာဖြစ်မယ်။ ဖျားသလို ဖြစ်မယ် [အော့အန်မယ်]
- အရမ်းကို စိတ်ပူပန်သလို ခံစားနေရမယ်
- ချောင်းဆိုးမယ်
ရင်ဘတ်အောင့်တာက တစ်ခါတလေမှာ ပြင်းထန်နိုင်ပေမယ့် သိပ်မပြင်းထန်ဘဲ အစာမကြေလို့ အောင့်သလို အောင့်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
ရင်ဘတ်အောင့်တာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခံစားရနိုင်တာ မှန်ပေမယ့် အမျိုးသမီးတွေမှာက ရင်ဘတ်အောင့်တာအပြင် အသက်ရှူ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာ၊ ဖျားတာ၊ နောက်ကျော နဲ့ မေးရိုးနာကျင်တာတွေကို ပိုခံစားရနိုင်ပါတယ်။
ရုတ်တရက် နှလုံးရပ်ခြင်းအပါအဝင် နှလုံးရောဂါတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ ၂ မျိုးရှိပြီး နှလုံးရောဂါဖြစ်စေနိုင်တဲ့ ပင်မအကြောင်းအရင်း နဲ့ နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်း ဆိုပြီး ခွဲခြားထားပါတယ်။
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေ ပိုများလေလေ နှလုံးရောဂါ ဖြစ်နိုင်ခြေကလည်း ပိုများလေလေပါ။ အချို့သော နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေက ပြုပြင်တာ၊ ပြောင်းလဲတာ၊ ကုသတာတွေ လုပ်လို့ရပေမယ့် အချို့ကိုတော့ မရပါဘူး။
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ မူရင်းအကြောင်းရင်းခံတွေကတော့
- သွေးတိုးတာ
- သွေးတွင်းကိုလက်စထရော များတာ
- ဆီးချိုရောဂါ ရှိတာ
- အဝလွန်တာ
- ဆေးလိပ်သောက်တာ
- ကိုယ်လက်လှုပ်ရှားမှု မရှိတာ
- မျိုးရိုး ရှိတာနဲ့
- အသက်အရွယ်ကြီးရင့်လာတာ စတာတွေပါပဲ။
နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်းတွေကတော့
- မကြာခဏ စိတ်ဖိစီးလေ့ရှိတာ
- အမျိုးသမီးတွေ သွေးဆုံးပြီးသွားတာ
- အရေးပေါ်တားဆေးတွေ မကြာခဏ သောက်သုံးတာ
- အရက်သောက်တာ စတဲ့အချက်တွေပဲဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ပြီး အသက်ရှည်ရှည်နေချင်တယ်ဆိုရင် အထက်ပါအပြုအမူတွေကို ရှောင်လွှဲနိုင်အောင်၊ မပြုမူမိအောင် ဂရုစိုက်နေထိုင်ဖို့ တိုက်တွန်းပါရစေ။
မွန်မွန်